မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနိုင်ငံအရေးပေါ် ကုသမှု ဆေးပညာရှင်များအဖွဲ့တို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အသိအမှတ်ပြု Zoll AED တင်သွန်းဖြန့်ချီသော SEA LION ကုမ္ပဏီတို့ ပူးပေါင်းပြုလုပ်သည့် အခြေခံအသက်ကယ်စောင့်ရှောက်မှုသင်တန်း (Basic Life Support Course) ကို ယနေ့နံနက်ပိုင်းက သုဝဏ္ဏဘောလုံးကွင်းပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲများ ကျင်းပရာတွင် အရေးပေါ်ဆေးဘက်ဆိုင်ရာ အထောက်အကူပြုစေရန် ရည်ရွယ်ပြုလုပ်သည့် ယခုသင်တန်းသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင်ကလပ်အသင်းများမှ ဆေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တက်ရောက်သင်ယူလေ့လာခဲ့ကြပြီး သင်တန်း ဆရာ/ဆရာမများမှ စာတွေ့လက်တွေ့သင်ခန်းစာများအပြင် သရုပ်ပြတင်ဆက်မှုများဖြင့် သင်ကြားပြသပေးခဲ့သည်။

“ကျွန်တော်တို့ ဒီသင်တန်းကို MFF၊ MNL နဲ့ Myanmar Emergency Medicine Society(MEMS) တို့ ပူးပေါင်းပြုလုပ်တာပါ။
ဘာလုံးသမားတွေရော ပြည်သူတွေပါ အကုန်လုံးက ရုတ်တရက်နှလုံးခုန်ရပ်တာတွေက
ဖြစ်နိုင်တယ်ပေါ့။ ဒီလိုအချိန်မှာ မြန်မြန်ဆန်ဆန်နဲ့ အခြေခံ
အရေးပေါ်အသက်ကယ်မှုသာ ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် အသက်ရှင်နိုင်တယ်။
ဒါပေမယ့်ဒီမှာ အချက်နှစ်ချက်ရှိပါတယ်။ ပထမအချက်က လူနာကို စက်တွေမပါဘဲ
လက်နဲ့ဖိပေးတာနဲ့ နောက်တစ်ခုက AED လို့ခေါ်တဲ့
အလိုအလျောက်နှလုံးနှိုးစက်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် လူနာက
အသက်ရှင်နိုင်မယ့် နည်းလမ်းတွေ ရှိလာတာပေါ့။ ဘောလုံးပြိုင်ပွဲတွေမှာ
ရုတ်တရက်နှလုံးခုန်ရပ်တာတွေက ကမ္ဘာအနှံ့အပြားမှာ တွေ့မြင်နေရပါတယ်။
ဒါကြောင့် ဒီလိုသင်တန်းတက်ထားခြင်းအားဖြင့် လူနာတွေရဲ့အသက်တွေကို
ပြန်ပီးတော့ ကယ်တင်နိုင်မှာဖြစ်ပါတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး
အရေးပေါ် အထူးကုန်ဆရာဝန် ဒေါက်တာမျိုးဟိန်းက ရှင်းလင်းပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဆေးမှူးချုပ်ဒေါက်တာအောင်ကျော်ဦးကလည်း Basic Life Support Course နှင့်ပတ်သက်၍ “လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် ဘောလုံးကစားနေတဲ့အချိန်မှာပဲ ဖြစ်ဖြစ် ကစားသမားက ရုတ်တရက် နှလုံးခုန်နှုန်းရပ်သွားတာတို့ နှလုံးကြောင့် အသက်ရှုရပ်သွားတာတို့ဆိုရင် အရေးပေါ်အသက်ကယ်သင်တန်း တက်ထားတဲ့အတွက် ကစားသမားတွေကို ဒီနည်းလမ်းနဲ့ အမြန်ဆုံးကုသပေးနိုင်ပါလိမ့်မယ်။ ဒီလိုမျိုးဖြစ်လာရင် အရေးပေါ်အသက်ကယ်ပြီးတာနဲ့ နှလုံးနှိုးစက်နဲ့ နှိုးမယ်။ ပြီးတာနဲ့ ချက်ခြင်းဆေးရုံကို ပို့မယ်ဆိုရင် အသက်အန္တရာယ်ဖြစ်ပွားနိုင်မှုနှုန်းက အများကြီးလျော့ကျသွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာအောင်ကျော်ဦးက ဖြည့်စွက်ပြောကြားပေးခဲ့သည်။

ယနေ့သင်တန်းမစတင်မီ COVID-19 အဆုတ်ရောင်ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးမှုများ ပြုလုပ်ခြင်း၊ သင်တန်းသားများအား အပူချိန်တိုင်းတာခြင်း၊ လက်ဆေးရည်များ အဆင်သင့် ထားရှိပေးခြင်းနှင့် အကာအကွယ် Mask တပ်ဆင်စေခြင်းတို့ကို ပြုလုပ်စေခဲ့ပါသည်။
ထို့ပြင် ယနေ့ သင်တန်းအပြီးတွင် မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ သင်တန်းဆင်းလက်မှတ်များ တက်ရောက်ချီးမြှင့်ပေးခြင်း၊ သင်တန်းဆရာ၊ဆရာမများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်း၊ ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်းနှင့် တက်ရောက်လာသည့် သင်တန်းသူ/သားများ၊ ဆရာ၊ဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ
ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ယနေ့သင်တန်းသည်
မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများနှင့် ဘောလုံးလောကအတွက်
များစွာအကျိုးရှိသည့် သင်တန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအရေးပေါ် ကုသမှု
ဆေးပညာရှင်များအဖွဲ့မှ ဆရာ၊ဆရာမများ၏ စိတ်ရောကိုယ်ပါ
အားထုတ်သင်ကြားမျှဝေပေးမှုအပေါ် မိမိအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊
သင်တန်းသားများအနေဖြင့်လည်း ယခုသင်တန်းမှတစ်ဆင့်
အရေးပေါ်အသက်ကယ်တင်ခြင်းနဲ့ သက်ဆိုင်သည့်အကြောင်းအရာများကို
သိရှိနာလည်းသွားမည်ဟု ယုံကြည်ပါကြောင်း အနာဂတ်တွင်လည်း
မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများအတွက် ယခုကဲ့သို့ သင်တန်းများ
ဖွင့်လှစ်သွားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း စသဖြင့်
၎င်းကပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်၍ ဆေးဘက်ဆိုင်ရာ အသိပညာရပ်များ တိုးပွားလာစေရန် ဆောင်ရွက်လျက်ရှိသည့်အပြင် ကစားသမားများအား ကျန်းမာရေး စစ်ဆေးခြင်းကိုလည်း နှစ်စဉ်ရာသီအစ၌ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိပါသည်။