အမှတ်ပေးချန်ပီယံဆုအား ရှမ်းယူနိုက်တက်အသင်းသုံးနှစ်ဆက်ရယူ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသော Myanmar National League 2022 ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရာသီပိတ်နောက်ဆုံးပွဲစဥ်ဖြစ်သည့် ရှမ်းယူနိုက်တက် (၁-၀) ISPE ပွဲစဥ်အပြီး သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ရာသီပိတ်နောက်ဆုံးပွဲစဥ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အားကစားနှင့်ကာယာပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်မင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဧရာဝတီဘဏ်ဒုတိယဥက္ကဌ ဦးသန်းဇော်နှင့် MPT Joint Operation Dy CCO ဦးကိုကိုအောင်တို့ တက်ရောက်ခဲ့ကြသည်။
ယနေ့ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ယခုနှစ်ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် သွင်းဂိုး (၁၄) ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိခဲ့သော ဧရာဝတီယူနိုက်တက်အသင်းမှ တိုက်စစ်မှူး ရန်ကျော်ထွေးအား အထိမ်းအမှတ်ဆုတံဆိပ်နှင့် ဆုငွေကျပ်သိန်း (၁၀) သိန်း၊ အဆင့် (၅) နေရာ ရပ်တည်နိုင်ခဲ့သော ဧရာဝတီယူနိုက်တက်အသင်းကို ဆုကြေးငွေကျပ်သိန်း ၁၀၀၊ အဆင့် (၄) နေရာရပ်တည်နိုင်ခဲ့သော မြဝတီအသင်းကို ဆုကြေးငွေကျပ်သိန်း ၂၀၀၊ အဆင့် (၃)နေရာရပ်တည်နိုင်ခဲ့သော ဟံသာဝတီယူနိုက်တက်အသင်းကို တစ်ဦးချင်းကြေးတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ်သိန်း ၃၀၀၊ အဆင့်(၂) နေရာရပ်တည်နိုင်ခဲ့သော ရန်ကုန်ယူနိုက်တက်အသင်းကို တစ်ဦးချင်းငွေတံဆိပ်ဆုနှင့်အတူ ဆုကြေးငွေကျပ်သိန်း ၄၀၀၊ ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် သုံးနှစ်ဆက် ချန်ပီယံဆု ရယူနိုင်ခဲ့သော ရှမ်းယူနိုက်တက်အသင်းကို တစ်ဦးချင်း ရွှေတံဆိပ်ဆုများ၊ ချန်ပီယံဆုကြေးငွေကျပ်သိန်း ၆၀၀နှင့် ချန်ပီယံဆုဖလားတို့ကို တက်ရောက်လာသူများက ချီးမြှင်ပေးခဲ့သည်။
ထို့ပြင်ယနေ့အခမ်းအနားတွင် ရမှတ်(၄၈)မှတ်ဖြင့် တစ်ရာသီလုံး ရှုံးပွဲမရှိ ချန်ပီယံဆု ရရှိခဲ့သည့် ရှမ်းယူနိုက်တက်အသင်းကို ချန်ပီယံအထူးဆုဖလားကို ထပ်မံ ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။
၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ အနှစ်ချုပ်
ပထမ- ရှမ်းယူနိုက်တက်(ရမှတ်-၄၈)
ဒုတိယ- ရန်ကုန်ယူနိုက်တက်(ရမှတ်-၃၉)
တတိယ- ဟံသာဝတီယူနိုက်တက်(ရမှတ်-၃၂)
စတုတ္ထ- မြဝတီ(ရမှတ်-၃၁)
ပဥ္စမ- ဧရာဝတီယူနိုက်တက်(ရမှတ်-၂၈)
ဂိုးသွင်းအများဆုံးကစားသမား- ရန်ကျော်ထွေး/ ၁၄ဂိုး (ဧရာဝတီယူနိုက်တက်)