တက္ကသိုလ်အသင်းကို အနိုင်ယူပြီး ငါးပွဲဆက်အနိုင်ရခဲ့သည့် ချင်းလန်းအက်ဖ်စီလူငယ်အသင်း

MPT Myanmar National League Youth (U-21) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် မတ်လ ၁၃ ရက်(ယနေ့) ညနေ လေးနာရီက တက္ကသိုလ်ဘောလုံးကွင်းတွင် တက္ကသိုလ်လက် ရွေးစင် ယူ-၂၁ အသင်းနှင့် ချင်းလန်းယူ-၂၁ အသင်းတို့ကစားခဲ့ရာ ချင်းလန်းအသင်းမှ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

တက္ကသိုလ်လက်ရွေးစင်လူငယ်အသင်းနှင့် ချင်းလန်းလူငယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေစဉ်။

ပွဲချိန် ၂၅ မိနစ်တွင် တက္ကသိုလ်လက်ရွေးစင်အသင်းမှ ပင်နယ်တီရခဲ့ပြီး အဆိုပါ ပင်နယ်တီအား ရဲမင်းဦးမှ အမှားအယွင်းမရှိ ကန်သွင်းကာ အသင်းအတွက် ဦးဆောင်ဂိုးရယူပေးခဲ့သည်။ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုတွင် ချင်းလန်းအသင်းမှ ချေပ ဂိုးပြန်လည်ရခဲ့ပြီး Lang Muan Sang က သွင်းယူပေးခဲ့သဖြင့် ပထမပိုင်းအပြီး တစ်ဂိုးစီသရေကျခဲ့သည်။

ဒုတိယပိုင်းတွင် ပွဲစဉ်သည် ပထမပိုင်းထက် ပိုမိုအကြိတ်အနယ်ရှိခဲ့ပြီး ဂိုးရမည့် အခွင့်အရေးအချို့ နှစ်သင်းစလုံး ကိုယ်စီရခဲ့ကြသည်။ ပွဲချိန် ၈၁ မိနစ်တွင် ချင်းလန်းအသင်းမှ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး ဝေယံထွန်းက သွင်းယူပေးခဲ့သည်။ လက်ကျန် မိနစ်များတွင် တက္ကသိုလ်လက်ရွေးစင် အသင်းမှ ချေပဂိုး မသွင်းနိုင်သည့်အတွက် ချင်းလန်းအသင်းမှ အနိုင်ရခဲ့သည်။

တက္ကသိုလ်လူငယ်အသင်းနှင့် ချင်းလန်းလူငယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်နေစဉ်။

ချင်းလန်း ယူ-၂၁ အသင်းသည် ကိုးပွဲကစားပြီးချိန်တွင် ငါးပွဲနိုင်၊ တစ်ပွဲ သရေ၊ သုံးပွဲ ရှုံး ရမှတ် ၁၆ မှတ်ရထားပြီး တက္ကသိုလ် လက်ရွေးစင် ယူ-၂၁ အသင်းသည် ရှစ်ပွဲ ကစားပြီးချိန်တွင် လေးပွဲ နိုင်၊ လေးပွဲ ရှုံး ရမှတ် ၁၂ မှတ်ရရှိထားသည်။