ဖေဖော်ဝါရီလအတွက် အကောင်းဆုံးဆုများကို ရန်ကုန်နည်းပြ ဦးတင်မောင်ထွန်းနှင့် မောင်မောင်လွင်တို့ဆွတ်ခူး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် မိတ်ဖက်ပါတနာ MPT တို့ ပူးပေါင်းချီးမြှင့်သည့်
MPT Myanmar National League 2020 ရာသီ၏ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံးဆုများကို ရွေးချယ်ပေးအပ်ခဲ့ရာ အကောင်းဆုံးနည်းပြဆုကို ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးတင်မောင်ထွန်းမှရရှိခဲ့ပြီး အကောင်းဆုံးကစားသမားဆုကိုလည်း ရန်ကုန်ယူနိုက်တက် တိုက်စစ်ကစားသမားမောင်မောင်လွင်တို့မှဆွတ်ခူး ရရှိခဲ့သည်။

အကောင်းဆုံး ကစားသမားဆုကို MPT မှ ဧရာဝတီတိုင်းဒေသကြီး တိုင်းမန်နေဂျာ ဒေါ်ဆွေမာမှ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များတွင် စစ်ကိုင်းယူနိုက်တက်အသင်းကို နှစ်ဂိုး – ဂိုးမရှိ၊ ISPE အသင်းကို နှစ်ဂိုး – ဂိုးမရှိ၊ ဆောက်သမ်းမြန်မာအသင်းကို တစ်ဂိုး-ဂိုးမရှိတို့ဖြင့်အနိုင်ရရှိခဲ့ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို နှစ်ဂိုး-နှစ်ဂိုး သရေရလဒ်ဖြင့် စွမ်းဆောင်နိုင်ခဲ့ကာအမှတ်ပေးဇယား၏ ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

အကောင်းဆုံးနည်းပြဆုကို မြန်မာနေရှင်လိဂ်စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်မှ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ထို့အတူ တိုက်စစ်ကစားသမားမာင်မောင်လွင်မှာ ရန်ကုန်ယူနိုက်တက်အသင်း၏ ပွဲစဉ်များတွင်ခြေစွမ်းပြကစားနိုင်ခဲ့သောကြောင့် အဆိုပါဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အကောင်းဆုံးဆုများကို ယနေ့ ဧရာဝတီယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက် ပွဲစဉ်မစတင်မှီ ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံးနည်းပြဆုကိုမြန်မာနေရှင်လိဂ်စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင် မှလည်းကောင်း၊ အကောင်းဆုံး ကစားသမားဆုကို MPT မှ ဧရာဝတီတိုင်းဒေသကြီး တိုင်းမန်နေဂျာ ဒေါ်ဆွေမာမှ လည်းကောင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေဖြင့် အကောင်းဆုံးနည်းပြဆုနှင့် အကောင်းဆုံး ကစားသမားဆုအတွက် ဆုတံဆိပ်နှင့်အတူ ဆုကြေးများကို ချီးမြှင့်ပေးခြင်းဖြစ်ပါသည်။