ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် ၁၀၀ ပြည့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့သည့် ဆောက်သမ်းမြန်မာအသင်း တိုက်စစ်မှူး ရှိုင်းသူရကို မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်ပါတနာ MPT မှ အမှတ်တရဆု ပေးအပ်ခဲ့သည်။

ယခုနှစ်ရာသီ မြန်မာနေရှင်နယ်လိဂ် ရာပြည့် အမှတ်တရသွင်းဂိုးအတွက် အထိမ်းအမှတ်ဆုကို MPT မှ မစ္စတာ တာကဲဟီတို ကိုတာနီ (Deputy Director of Marketing MPT J.O) က ယနေ့ သုဝဏ္ဏကွင်း၌ ကျင်းပသည့် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်းမြန်မာ အသင်းတို့၏ ပွဲစဉ်မစတင်မီတွင် ပေးအပ်ခဲ့သည်။
MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၁၀ ရက်က စတင်ကျင်းပခဲ့ရာ ပြီးခဲ့သည် ပွဲစဉ် (၇) အရောက်တွင် သွင်းဂိုး စုစုပေါင်း ၁၀၀ ကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲအတွက် ရာပြည့်သွင်းဂိုးကို ဆောက်သမ်းမြန်မာ အသင်း၏ တောင်ပံတိုက်စစ်ကစားသမား ရှိုင်းသူရက ချင်းယူနိုက်တက်အသင်းကို (၈-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး MPT မှ အမှတ်တရဆုအဖြစ် ဆုကြေးငွေကျပ် ၃ သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။
တိုက်ဆိုင်မှု တစ်ခုအနေဖြင့် ပြီးခဲသည့်နှစ် ရာပြည့် သွင်းဂိုးဆုကိုလည်း ဆောက်သမ်းမြန်မာအသင်း တိုက်စစ်မှူး ကောင်းစည်သူက ရရှိခဲ့ဖူးသည်။