ဒါဘီပြိုင်ဘက်ကို နောက်ကောက်ချပြီး ရှုံးထွက်ပထမအဆင့်တက်တဲ့ ရွှေပြည်သာအသင်း

ရွှေပြည်သာဒါဘီအချင်းချင်း ရင်ဆိုင်တွေ့ခဲ့တဲ့ General Aung San Shield 2020 Play-Off အဆင့်ပွဲစဉ်မှာ ရွှေပြည်သာအက်ဖ်စီအသင်းက မြို့ခံပြိုင်ဘက် ဇီးကုန်းအက်ဖ်စီအသင်းကို နောက်ကောက်ချပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

စလင်းကွင်းမှာ ကျင်းပခဲ့တဲ့ပွဲစဉ်မှာ ရွှေပြည်သာအသင်းက ဇီးကုန်းအက်ဖ်စီအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ပထမအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။
ပွဲမှာ ရွှေပြည်သာအသင်းအတွက် ဂိုးတွေကို ၁၁၊ ၃၆ မိနစ်တွေမှာ ဉာဏ်လင်းထက်က နှစ်ဂိုးနဲ့ ၇၄ မိနစ်မှာ စောကာဗလအေးလှက တစ်ဂိုး ရယူပေးခဲ့တာဖြစ်ပြီး ဇီးကုန်းအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ခိုင်စိုးဦးက ၂၁ မိနစ်မှာ အဝေးကန်ချက်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ရွှေပြည်သာအသင်းအနေနဲ့ ရှုံးထွက်ပထမအဆင့်မှာ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် ငွေကြယ်ပွင့်လေးများအသင်းနဲ့ ယခု စလင်းကွင်းမှာပဲ ဧပြီလ ၉ ရက်နေ့မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။