၂၀၂၀ ရှုံးထွက်ပြိုင်ပွဲတွင် အပျော်တမ်းအသင်းများ ပါဝင်နိုင်ရေး မြန်မာနေရှင်နယ်လိဂ်နှင့် အပျော်တမ်းလိဂ် တာဝန်ခံများတွေ့ဆုံ

ယခုနှစ်ဘောလုံးရာသီမှ စတင်၍ အပျော်တမ်းလိဂ်ပြိုင်ပွဲဝင် အသင်းများအား ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ၌ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ပြုသွားမည် ဖြစ်ပါသည်။

ယင်းသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အသင်းများ မှတ်ပုံတင်ခြင်းနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက သုဝဏ္ဏကွင်း၊ ပထမထပ်ရှိ မြန်မာနေရှင်နယ်လိဂ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ်စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနေရှင်နယ်လိဂ် Security & Operations Director ဦးအောင်သူမြင့်နှင့် တာဝန်ရှိသူများ၊ အပျော်တမ်းလိဂ်အသင်းပြိုင်ပွဲများမှ ပြိုင်ပွဲကျင်းပရေးတာဝန်ခံများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အဖွင့်အမှာစကားပြောကြားရာတွင်
” ယခုနှစ် ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင် ဆုရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ ပထမအဆင့်ကနေ စတင်ပြီး အပျော်တမ်းလိဂ်ပြိုင်ပွဲဝင် အသင်းတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးမှာ ဖြစ်တဲ့ပါတယ်။
စနစ်တကျနဲ့ ကျင်းပနေတဲ့ မြန်မာနိုင်ငံအနှံ့က အပျော်တမ်းလိဂ်ပြိုင်ပွဲတိုင်းကို ပါဝင်ယှဉ်ပြိုင်စေချင်ပါတယ်။ ပြိုင်ပွဲဝင်မယ့် အသင်းတိုင်းကိုလည်း ကျွန်တော်တို့ဘက်က ကြိုဆိုပါတယ်။ တစ်ခုရှိတာက ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲက ဖီဖာ၊အေအက်ဖ်စီ အသိအမှတ်ပြု ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့် ပရော်ဖက်ရှင်နယ် စံနှုန်းနဲ့ ကိုက်ညီတဲ့ အခြေခံ စည်းမျဉ်းစည်းကမ်းတွေကိုတော့ အသင်းတွေတိုင်းက လေးစား လိုက်နာ ဖြည့်ဆည်းပေးသွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပျော်တမ်းအသင်းတွေအတွက် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တဲ့နေရာမှာ ပရော်ဖက်ရှင်နယ်အသင်းတွေရဲ့ ပုံစံအတိုင်း ရာနှုန်းပြည့် ဆောင်ရွက်ဖို့တော့ မတောင်းဆိုပါဘူး။ သို့သော်လည်း အခြေခံအချက်တွေကိုတော့ မဖြစ်မနေ ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ အသင်းတွေဘက်က အခက်အခဲရှိနိုင်မယ့် အချက်တွေကိုလည်း ဝိုင်းဝန်း ဆွေးနွေးပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်မှ ဖြည့်စွက်ဆွေးနွေး ပြောကြားပြီး တက်ရောက်လာသည့် အသင်းများမှ သိလိုသည်များ မေးမြန်းတင်ပြခြင်းနှင့် အထွေထွေညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ဘောလုံးလောက တိုးတက်ရေးအတွက် မိမိတို့ တတ်စွမ်းသမျှ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ကြိုးစားကျင်းပလျက်ရှိသော အပျော်တမ်းလိဂ် ပြိုင်ပွဲများအား အသိအမှတ်ပြုသည့် အနေဖြင့်လည်းကောင်း၊ တစ်ချိန်တွင် အပျော်တမ်း အသင်းများ အနေဖြင့် မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပဏာမ မိတ်ဆက်သည့် အနေဖြင့် လည်းကောင်း၊ ယခုနှစ် General Aung San Shield 2020 ရှုံးထွက်ဘောလုံး ပြိုင်ပွဲတွင် အထူးသတ်မှတ်ခွင့်ပြုသည့် အနေဖြင့် အပျော်တမ်း လိဂ်ပြိုင်ပွဲများမှ စုစုပေါင်း အသင်း (၅)သင်းကို ရှုံးထွက် ပထမအဆင့်မှ စတင်ပြိုင်ပွဲဝင်ခွင့် ပေးသွားမည်ဖြစ်ပါသည်။

၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ် -၁ မှ ၁၂ သင်း၊ မြန်မာနေရှင်နယ်လိဂ် -၂ မှ ၈ သင်း၊ အပျော်တမ်းအသင်းပြိုင်ပွဲများမှ ပြိုင်ပွဲဝင် ၅ သင်း၊ စုစုပေါင်း (၂၅) သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။

သို့သော် ယခုနှစ်မှ စတင်ယှဉ်ပြိုင်ခွင့်ပြုမည့် အပျော်တမ်းလိဂ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများ အနေဖြင့် ရှုံးထွက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်မှ သတ်မှတ်ထားသည့် အခြေခံစည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်မှု ရှိရန်
လိုအပ်ပြီး ထိုသို့ အချက်အလက်များ ပြည့်စုံမှသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုသွားမည် ဖြစ်ပါသည်။

၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ပထမအဆင့်အား ဧပြီလ ဒုတိယပတ်တွင် စတင်ကျင်းပသွားရန် လျာထားပါသည်။