၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုရှုံးထွက် ပြိုင်ပွဲအတွက် ပွဲစဉ်မဲနှိုက်ရေးဆွဲပွဲ အခမ်းအနား ပြုလုပ်

အပျော်တမ်းအသင်းများ ပထမဆုံးအကြိမ် ပါဝင်လာမှုနှင့်အတူ ပုံစံသစ်ဖြင့် ကျင်းပသွားမည့် ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ( General Aung San Shield 2020) အတွက် ပွဲစဉ်များ မဲနှိုက်ရေးဆွဲခြင်း အခမ်းအနားကို ယနေ့ မတ်လ ၁၂ ရက်၊ မွန်းလွဲပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အကြံပေး ဦးဘန်နီတင်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ်စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင် ဦးတင်မြင့်အောင်နှင့် ဦးဇွဲလှိုင်မှီ၊ မြန်မာဘရူဝါရီလီမိတက်မှ COO ဦးကျော်ကြား၊ MPT JO မှ Deputy Marketing Director တာကဲဟီတို ကိုတာနီ၊ F & N Foods PTE Ltd (100 PLUS) မှ Country Manager Mr. Freddy Oh၊ My Sports မှ တာဝန်ရှိသူများ၊ စပွန်ဆာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ရုပ်ရှင်အနုပညာရှင်များ၊ မြန်မာနေရှင်နယ်လိဂ် ၁ နှင့် မြန်မာနေရှင်နယ်လိဂ် ၂ ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ ကစားသမားများ၊ မီဒီယာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်းနှင့် ပြိုင်ပွဲအတွက် ပွဲစဉ်မဲနှိုက်ရွေးချယ်သတ်မှတ်မည့် အစီအစဉ်ကို ရှင်းလင်းပြောကြားပြီးနောက် ပထမအဆင့် ရှုံးထွက်ပွဲစဉ်များကို တာဝန်ရှိသူများက မဲနှိုက်ရွေးချယ်ပေးသည်။ ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် MPT မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ကလပ်အသင်း ၁၂ သင်း၊ MPT မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် အသင်း ၈ သင်းနှင့် အပျော်တမ်းအသင်း (၅) သင်း၊ စုစုပေါင်း ၂၅ သင်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပွဲစဉ်များကို ဧပြီလ ၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်းနှင့် စလင်းကွင်းတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အပျော်တမ်းအသင်းများ ပါဝင်လာသည့် ပထမအဆင့်ကို ဧပြီလ ၈၊ ၉ ရက်များတွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါအဆင့်တွင် အပျော်တမ်း(၅)သင်းနှင့် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် -၂ ပြိုင်ပွဲ၌ အဆင့်(၃) မှ အဆင့် (၇) အတွင်း ရပ်တည်ခဲ့သည့် အသင်းများဖြစ်သည့် မြဝတီအက်ဖ်စီ၊ ယူနီဗာစတီအက်ဖ်စီ၊ ငွေကြယ်ပွင့်လေးများ၊ ကချင်ယူနိုက်တက်၊ မောရဝတီအက်ဖ်စီအသင်းတို့ အပါအဝင် အသင်းသစ်နှစ်သင်းဖြစ်သည့် ယောမြေအက်ဖ်စီနှင့် Junior Lions အသင်းတို့ ပါဝင်မည်ဖြစ်သည်။

ထိုအဆင့်တွင် အနိုင်ရရှိလာသည့် အသင်းများအနေဖြင့် ဒုတိယအဆင့်တွင် မကွေးအက်ဖ်စီ၊ ဆောက်သမ်းမြန်မာ၊ ဇွဲကပင်ယူနိုက်တက်၊ ချင်းလန်းအက်ဖ်စီ၊ ချင်းယူနိုက်တက်၊ ISPE FC အသင်းတို့နှင့်အတူ ဒုတိယအဆင့်အဖြစ် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့နောက် ဒုတိယအဆင့်မှ တက်ရောက်လာသည့် အသင်းများသည် ရတနာပုံအက်ဖ်စီ၊ ဟံသာဝတီယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်နှင့် တတိယအဆင့်ကို ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်း၊ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ဒုတိယ ဧရာဝတီယူနိုက်တက်အသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဆု လက်ရှိချန်ပီယံနှင့် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် တတိယ ရန်ကုန်ယူနိုက်တက် အသင်းတို့မှာ ကွာတားဖိုင်နယ်အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဇာတ်ရှိန်ပိုမို မြှင့်တက်လာမည်ဖြစ်သည့် ဆီမီးဖိုင်နယ်အဆင့်ကိုမူ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ယခု ၂၀၂၀ ပြည့်နှစ် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယားရေးဆွဲမှုအတွက် ဦးစားပေးအသင်း သတ်မှတ်ရာတွင် ပြီးခဲ့သည့် ၂၀၁၉ ဘောလုံးရာသီ MPT Myanmar National League ဘောလုံးပြိုင်ပွဲ ရပ်တည်မှုများအပေါ် မူတည်ကာ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူး ကျင်းပသည့် ရှုံးထွက်ဖလားဘောလုံးပြိုင်ပွဲကို အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသည့် အနေဖြင့် ၂၀၁၅ ခုနှစ်မှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခုပြိုင်ပွဲမှာ မြန်မာ့ဘောလုံးလောက၏ သက်တမ်းရှည်ကြာ၍ ဂုဏ်သိက္ခာကြီးမားသည့် ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် အပြင် ပြိုင်ဆိုင်မှု ပြင်းထန်သည့် ပြိုင်ပွဲတစ်ရပ်လည်းဖြစ်ပါသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ငွေကြေးအကုန်အကျခံ၍ ကျင်းပနေသည့် အပျော်တမ်းကလပ်အသင်းများအား ဂုဏ်ပြုပေးသည့်အနေဖြင့်လည်းကောင်း၊ ပရော်ဖက်ရှင်နယ်စနစ်အား ကြိုတင်သိရှိနားလည်စေရန်နှင့် အနာဂတ်တွင် ပရော်ဖက်ရှင်နယ်ကလပ်အသင်းများ ဖြစ်ပေါ်လာစေလိုသော ရည်ရွယ်ချက်ကောင်းများဖြင့်လည်းကောင်း ယခုနှစ်၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲကို အပျော်တမ်းအသင်းများအား ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုခြင်းဖြစ်ပါသည်။

ပထမအဆင့်တွင် စတင်ယှဉ်ပြိုင်ခွင့် ရရှိမည့် အပျော်တမ်းအသင်း (၅) သင်း
၁။ ပေါင်းလောင်းအက်ဖ်စီ (We Are One Cup 2019 Champion)
၂။ Happy Friendship FC (Yangon League Champion)
၃။ 10/Mon FC (1st Runner-Up / Yangon League)
၄။ ရန်ကုန်ပရီးမီးယားလိဂ်ချန်ပီယံ (အဖြေမပေါ်သေး)
၅။ Play-Off (ဇီးကုန်းအက်ဖ်စီနှင့် ရွှေပြည်သာအက်ဖ်စီ) ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်း။

#GASS2020