ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံးဆုများကို Chinland အသင်းမှ သိမ်းပိုက်

MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံး နည်းပြဆုနှင့် ကစားသမားဆု ချီးမြှင့်ခြင်းကို မတ် ၉ ရက်(ယနေ့)ညနေက ကစားလျက်ရှိသည့် Chinland အသင်းနှင့် Junior Lions အသင်းတို့ ပွဲစဉ်မစတင်မီ၌ ချီးမြှင့်ခဲ့သည်။
ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံး နည်းပြဆုကို Chinland အသင်း နည်းပြချုပ် ဦးဘုန်းနိုင်မှ ရရှိခဲ့ပြီးအကောင်းဆုံးကစား သမားဆုကို Chinland အသင်းတိုက်စစ်မှူး Mung Theih Pau တို့မှ ရရှိခဲ့သည်။ နည်းပြဦးဘုန်းနိုင် သည် ပွဲစဉ်ငါးပွဲကစားပြီးချိန်အထိ ငါးပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သလို တိုက်စစ်မှူး Mung Theih Pau သည်လည်း အသင်းတွင် အကောင်းဆုံးခြေစွမ်း ပြလျက်ရှိပြီး ငါးပွဲ ကစားပြီးချိန်တွင် အသင်းအတွက် ခြောက်ဂိုး သွင်းယူပေး ထားသည်။ တစ်လတာ အကောင်းဆုံး နည်းပြဆုနှင့် ကစားသမားဆုများကို မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွက် တစ်လတာအကောင်းဆုံး နည်းပြဆုနှင့် ကစားသမားဆုများကို မြဝတီအသင်း နည်းပြချုပ် ဦးမောင်မောင်အေးနှင့် မြဝတီအသင်းတိုက်စစ်မှူး ကောင်းစည်သူတို့မှ ရရှိထားကြသည်။