အိမ်ဖြည့်အသင်းသက်သက် မဟုတ်ကြောင်းကို အလုပ်ဖြင့် သက်သေပြသွားမည်ဟု ISPE FC အသင်းနည်းပြပြော

၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ၂ အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယနေရာရရှိခဲ့သည့် ISPE FC အသင်းအနေဖြင့် ယခုနှစ် MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် အသင်းဖြစ်သည်။

၎င်းတို့အနေဖြင့် မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲသို့ ပထမဆုံးအကြိမ် တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိထားသော်လည်း မြန်မာလိဂ်ရပ်ဝန်းတွင် အိမ်ဖြည့်အသင်းတစ်သင်း သက်သက် မဟုတ်ကြောင်းကို အလုပ်ဖြင့် သက်သေပြသွားမည်ဟု နည်းပြချုပ် ဦးအောင်နေဝင်းက ကြုံးဝါးပြောဆိုလိုက်သည်။

“ကျွန်တော်တို့အသင်း ခြေစွမ်းကို စောင့်ကြည့်ပေးပါ။ ဝေဖန်ထောက်ပြပေးပါ။ အိမ်ဖြည့်အသင်းတစ်သင်း မဟုတ်ဘူးဆိုတာ အလုပ်နဲ့ သက်သေပြသွားပါမယ်” ဟု ဆိုခဲ့ခြင်းဖြစ်သည်။

ISPE FC အသင်းကို ပြီးခဲ့သည့် ရာသီက ကစားသမားအများစုဖြင့်သာ စုဖွဲ့ထားပြီး မူလက ပြည်ပ ကစားသမား ထည့်သွင်းအသုံးပြုရန် စီစဉ်ခဲ့သော်လည်း ပြည်တွင်း ကစားသမားများဖြင့်သာ ယှဉ်ပြိုင်သွားမည်ဟုဆိုသည်။

မျက်နှာသစ် ISPE အသင်းသည် ယခုနှစ်တွင် အိမ်ကွင်းအဖြစ် မန္တလေးမြို့ရှိ မန္တလာသီရိကွင်းကို
အသုံးပြုယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁) တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် တွေ့ဆုံနေသည်။