အခြေခံပညာ ကျောင်းသူ/သားများ ဘောလုံးကစားခွင့် ပိုမိုရရှိရေးနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် MFF တို့ တွေ့ဆုံ ဆွေးနွေး

မြန်မာ့ဘောလုံး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရင်းအမြစ်ဖြစ်သည့် အခြေခံပညာ ကျောင်းများရှိ ကျောင်းသူ/ကျောင်းသားများ ဘောလုံး အားကစားကို ပိုမိုကစားခွင့် ရရှိရေးနှင့် FIFA Football for School Program စနစ်တကျ စတင်အကောင်အထည် ဖော်ရေးတို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)တို့ ပေါင်းစပ် ညှိနှိုင်းအစည်းအဝေး တစ်ရပ် ကို ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) ညနေ ၃ နာရီတွင် Novotel Max Yangon၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး) ဒေါ်ခင်မာဆွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် MNL အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့ တက်ရောက်ခဲ့ကြသည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံ့ အားကစားကဏ္ဍအဆင့်အတန်း မြင့်မားလာရေး အတွက် ၀န်ကြီးဌာနအနေဖြင့် ကြိုးပမ်းလျက်ရှိပါကြောင်း၊ နည်းပြနှင့်ဒိုင်သင်တန်းများ ဖွင့်လှစ်ခြင်း၊ တိုင်းနှင့်ပြည်နယ် လူငယ်ပြိုင်ပွဲများနှင့် Football Festival များအား ၂၀၂၀ ခုနှစ်အတွင်း ကျယ်ပြန့်စွာ ဖွင့်လှစ်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကစားကွင်းနှင့် အခြားလိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံး ပံ့ပိုးကူညီ၍ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကလည်း အခြေခံပညာ ကျောင်းများတွင် ကာယအချိန်များ ပိုမိုထားရှိရန်၊ MFF နှင့် နှစ်စဉ် ပူးပေါင်းကျင်းပလျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ၁၂၊ ယူ၁၄ ပြိုင်ပွဲများအား ‌မြို့နယ်တိုင်းပါ၀င်နိုင်ရန် အတွက်လိုအပ်သည်များကို ဝိုင်း၀န်းပံ့ပိုး၍ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ ဘောလုံးကစားခွင့် ပိုမိုရရှိစေမည့် Football for School Program အား ရှင်းလင်းတင်ပြ ခဲ့ပြီး အစီအစဉ် အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေးအတွက် Working Committee တစ်ရပ် ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၀န်ကြီးဌာနနှစ်ခု၏ ဦးဆောင်မှုအတိုင်း MFF အနေဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများရှိ အသက် ၆ နှစ်မှ ၈ နှစ်အရွယ် ကလေးငယ်များ အားလုံး ဘောလုံးကစားခွင့် ရရှိနိုင်စေရန် ပညာရေး ၀န်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့ စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ MFF အနေဖြင့် ဖီဖာနှင့် နိုင်ငံတကာမှ ကျင့်သုံးလျက်ရှိသည့် Youth Football Development Program များအတိုင်း ကျောင်းများတွင် ကာယအချိန်များ စနစ်တကျ ထားရှိအသုံးချ၍ အခြေခံ ဘောလုံးနည်းပညာများ ပို့ချပေးခြင်းနှင့် ပြိုင်ပွဲများ ကျင်းပစေခြင်း၊ ဘောလုံး အားကစားကို အခြေခံ၍ လူငယ်များ မူးယစ်နှင့်ကင်းဝေးစေပြီး ကာယစိတ္တ ဖွံ့ဖြိုးစေရေး အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လည်း တင်ပြဆွေးနွေးခဲ့သည်။

ယင်းနောက် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးတို့ကလည်း ကျောင်းသား ကျောင်းသူများ ဘောလုံး အားကစား ပိုမိုလိုက်စားလာစေရေး အတွက် ဝိုင်း၀န်းပံ့ပိုးကူညီ သွားကြမည်ဖြစ်ကြောင်း၊ FIFA Football for School Program အတွက် အစီရင်ခံ တင်ပြချက်များအတိုင်း ၀န်ကြီးဌာနများနှင့် MFF တို့ပူးပေါင်း၍ ‌နိုင်ငံနှင့်တဝန်း ကျယ်ပြန့်စွာ အကောင်အထည်ဖော် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြပြီး အခြားလိုအပ်သည်များအား ဖြည့်စွက်ဆွေး‌နွေးခဲ့ကြသည်။ အစည်းအဝေးတွင် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ နှင့်အတူ ပူးပေါင်းဆောင်ရွက်ရေး၊ လူငယ်ပြိုင်ပွဲများ ပိုမိုကျင်းပရေး၊ ဒိုင်နှင့် နည်းပြသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရေး၊ ကစားကွင်းများ ဖော်ထုတ်နိုင်ရေး စသည့်ကဏ္ဏများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။