AFC Cup 2020 ဘောလုံးပြိုင်ပွဲ (Group F) အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၅ ရက်(ယနေ့)ညနေ သုံးနာရီခွဲက သုဝဏ္ဏကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် လာအိုကလပ် လာအိုတိုယိုတာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်း မှ ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် ပထမဦးဆောင်ဂိုးကို ပွဲချိန် ၁၈ မိနစ်တွင် အောင်ကျော်နိုင်မှ သွင်းယူပေးခဲ့ပြီး ဒုတိယ ဦးဆောင်ဂိုးကို ပွဲချိန် ၃၀ မိနစ်တွင် မောင်မောင်လွင်မှ သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ရန်ကုန်ယူနိုက်တက် အသင်းမှ နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင် လာအိုတိုယိုတာအသင်းမှ ကစားပုံပိုမိုကောင်းမွန်ခဲ့ပြီး ပွဲချိန် ၅၈ မိနစ်တွင် ပထမချေပဂိုးရရှိခဲ့ပြီး နိုရီဟီရိုက သွင်းယူပေးခဲ့သည်။ ပွဲချိန် ၈၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းမှ တတိယဂိုး ထပ်မံရခဲ့ပြီး ပထမဂိုးသွင်းယူပေးခဲ့သည့် အောင်ကျော်နိုင်မှ ထပ်မံသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၉၀+၁ မိနစ်တွင် လာအိုတိုယိုတာအသင်းမှ ပင်နယ်တီရခဲ့ပြီး လာဇီရိုမှ အမှားအယွင်းမရှိကန်သွင်းပေးခဲ့သည်။ လက်ကျန်မိနစ်များတွင် တိုယိုတာအသင်းမှ ထပ်မံ ဂိုးမသွင်းနိုင်ခဲ့သည့် အတွက် ရန်ကုန်အသင်းမှ သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စု နှစ်ပွဲ ကစားပြီးချိန်တွင် တစ်ပွဲနိုင်၊ တစ်ပွဲ သရေ ရမှတ် လေးမှတ်ရရှိထားပြီး အုပ်စုတတိယပွဲစဉ်အဖြစ် လာမည့် မတ်လ ၁၀ ရက်၊ သုဝဏ္ဏကွင်းတွင် စင်ကာပူကလပ် ဟောင်ဂန်းယူနိုက်တက် အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။
