ဟံသာဝတီယူနိုက်တက်အသင်းပိုင်ရှင် ဦးအောင်မိုးကျော်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်က အသင်းကစားသမားများကို ရွှေဘဲ စားသောက် ဆိုင်တွင် ညစာဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပြီး ညစာစားပွဲတွင် ကစားသမား များအနေဖြင့် နိုင်လိုစိတ်ပြင်းပြရန် လိုအပ်ဟု တိုက်တွန်းပြောကြား သွားခဲ့သည်။
လက်ရှိတွင် ဟံသာဝတီယူနိုက်တက်အသင်းသည် ခြောက်ပွဲ ကစားပြီး ချိန်၌ ခြောက်ပွဲ စလုံး အနိုင်ရရှိထားပြီး ရမှတ် ၁၈ မှတ် အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် ရပ်တည်နေ သည့်အသင်းဖြစ်သည်။ ‘အသင်းက အခုလို အဆင့် ၁ နေရာမှာ ရပ်တည်နေတာ အသင်း မန်နေဂျာ ဦးထွန်းထွန်းလင်း၊ နည်းပြနဲ့ ကစားသမားတွေ အားလုံးတော်ကြလို့ အခုလို အမှတ်ပေးဇယား ထိပ်မှာ ရပ်တည်နိုင်တာပါ။ အမြဲတမ်း ကိုယ်လုပ်တဲ့ အလုပ်အပေါ် စနစ် တကျနဲ့ အာရုံစိုက်နိုင်ဖို့ လိုပါတယ်။ အခုချိန်က လူကြီးတွေကော ပရိသတ်တွေကပါ ဘောလုံးကို စိတ်အား ထက်သန်စွာ ထောက်ပံ့၊ အားပေးမှုတွေ ပေးနေကြပြီ။ လူကြီးတွေ ဘက်က တာဝန်ကျေပြီ။ ကစားသမားတွေဘက်ပဲ ကျန်တော့တယ်။ ဟံသာဝတီအသင်း ကစားသမားတွေကော နိုင်ငံ့လက်ရွေးစင်အသင်း ကစားသမားတွေပါ နိုင်လို စိတ်ပြင်းပြဖို့ လိုအပ်ပါတယ်။ တစ်ချို့အာရှ နိုင်ငံတွေဖြစ်တဲ့ မြောက်ကိုရီးယားတို့ အီရတ်တို့ဆို ထောက်ပံ့မှုများများ မရကြဘူး။ ဒါပေမယ့် သူတို့ဘာလို့ အာရှအဆင့်ရှိနေ လဲဆိုရင် စိတ်ဓာတ်ကြောင့်ပါ။ ပွဲတစ်ပွဲကို နိုင်လိုစိတ်ရှိတဲ့ စိတ်ဓာတ်က အရေးကြီး ဆုံးပဲ’ဟု ဟံသာဝတီယူနိုက်တက် အသင်းပိုင်ရှင် ဦးအောင်မိုးကျော်က အသင်းကစား သမား များအား ညစာစားပွဲတွင် တိုက်တွန်း ပြောကြား ခဲ့သည်။
လက်ရှိတွင် ဟံသာဝတီယူနိုက်တက်အသင်းသည် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်း လှုပ်ရှားမှု အဖြစ် ပဲခူးမြို့ဒေသခံများနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ ပညာရေးတို့ ပူးပေါင်းကာ Youth Football Clinic များကို ပဲခူး Grand Royal ကွင်းတွင် အပတ်စဉ် ပြုလုပ်လျက်ရှိသည်။ လူငယ်ဖွံ့ဖြိုးရေးစီမံကိန်း လှုပ်ရှားမှုများနှင့် ပက်သက်၍ ဦးအောင်မိုး ကျော်က ‘ အဓိကက လူငယ်တွေ မှုးယစ်ဆေးဝါးကင်းစင်ဖို့ ဖုန်းကြည့် တာ တွေ လျော့ဖို့နဲ့ ကာယဉာဏနှစ်ခုစလုံး ကျန်းမာကြံ့ခိုင်ဖို့အတွက် ရည်ရွယ်ပြီး အခုလို လူငယ်စီမံ ကိန်းတွေ ဇောက်ချလုပ်နေတာ ဖြစ်ပါ တယ်။ နှစ်လုံးပေါက် ဆက်လက်ဆောင်ရွက် သွားမှာပါ”ဟု ပြောကြားခဲ့သည်။
ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ယခုနှစ်ဘောလုံးရာသီတွင် တတိယရရှိပါက ဆုကြေးငွေ ကျပ်သိန်းတစ်ရာ၊ ဒုတိယရရှိပါက ဆုကြေးငွေကျပ် သိန်းငါးရာ၊ ပထမ ရရှိပါက ဆုကြေးငွေ သိန်း တစ်ထောင် ချီးမြှင့်မည်ဟု အသင်းပိုင်ရှင်မှ တရားဝင်ထုတ်ပြန်ထား သည်။ ဟံသာဝတီယူနိုက်တက်အသင်းသည် လာမည့် ဖေဖော်ဝါရီ ၂၃ ရက်၊ ပဲခူး Grand Royal ကွင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။
