အိမ်ကွင်းပွဲဦးထွက် ရှုံးပွဲကြုံတွေ့ခဲ့ရသည့် ရှမ်းယူနိုက်တက်

ယနေ့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် အေအက်ဖ်စီဖလား အုပ်စုအဖွင့်ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အိမ်ကွင်းပွဲဦးထွက် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။

ရှမ်းအသင်းသည် ယနေ့ပွဲတွင် တိုက်စစ်မှူး ဇင်မင်းထွန်း၊ ဒွေးကိုကိုချစ်တို့ကို ဒုတိယပိုင်းမှသာ ထည့်သွင်းအသုံးပြုခဲ့ပြီး သီဟစည်သူ၊ ဒေးဗစ်ထန်း၊ နန္ဒကျော်၊ ရန်နိုင်ဦး၊ မက်ဆီမန် စသည့် အဓိက ကစားသမားများဖြင့် ခါယားအသင်းကို ရင်ဆိုင်ခဲ့သည်။

သို့သော်လည်း အိမ်ကွင်းတွင် ပုံစံကောင်း ရရန် ရုန်းကန်ခဲ့ရပြီး ရရှိလာသည့် အခွင့်အရေးအချို့ကိုလည်း အသုံးမချနိုင်ခဲ့ခြင်းကြောင့် (ဝ-၂) ရလဒ်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်ကလပ် ခါယားအက်ဖ်စီအသင်းအတွက် ဂိုးများကို ၇၄ မိနစ်တွင် ဂျိုဗင်ဘီဒစ်က ပင်နယ်တီမှတစ်ဆင့်လည်းကောင်း၊ ပွဲချိန် ၈၅ မိနစ်တွင် မာဆာနာရီ အိုမူယာမှလည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် အုပ်စုဒုတိယပွဲစဉ်အဖြစ် အင်ဒိုနီးရှားကလပ် PSM မာကာဆာအသင်းနှင့် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Photo- Ko Zay(MFF)

AFC CUP 2020
Group H
FT: Shan United (MYA) 0-2 Kaya FC(PHI)