ဇန်နဝါရီလအတွက် တစ်လတာ အကောင်းဆုံးဆုများကို ဦးမျိုးမင်းထွန်းနှင့် ဒေါ်နယ်ဘစ်ဆာတို့ဆွတ်ခူးရရှိ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် မိတ်ဖက်ပါတနာ MPT တို့ ပူးပေါင်းချီးမြှင့်သည့်
MPT Myanmar National League 2020 ရာသီ၏ ဇန်နဝါရီလအတွက် တစ်လတာ အကောင်းဆုံးဆုများကို ရွေးချယ်ပေးအပ်ခဲ့ရာ ဟံသာဝတီယူနိုက်တက်နည်းပြချုပ် ဦးမျိုးမင်းထွန်းနှင့် တိုက်စစ်မှူး ဒေါ်နယ်ဘစ်ဆာတို့ဆွတ်ခူး ရရှိခဲ့သည်။

အကောင်းဆုံးနည်းပြဆုရ ဦးမျိုးမင်းထွန်း(ဟံသာဝတီယူနိုက်တက်)

ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဟံသာဝတီယူနိုက်တက်အသင်းသည် လူငယ်နည်းပြချုပ် ဦးမျိုးမင်းထွန်း၏ ဦးဆောင်မှုအောက်တွင် ရာသီအစ ရာနှုန်းပြည့် နိုင်ပွဲများ ရရှိထားသည်။


ဟံသာဝတီအသင်းသည် ဇန်နဝါရီလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များတွင် ရခိုင်ယူနိုက်တက်အသင်းကို တစ်ဂိုး၊ ဂိုးမရှိ၊ ရှမ်းယူနိုက်တက်အသင်းကို နှစ်ဂိုး၊တစ်ဂိုး၊ ချင်းယူနိုက်တက်အသင်းကို သုံးဂိုး၊တစ်ဂိုးတို့ဖြင့် နိုင်ပွဲဆက်တိုက် ရယူကာ အမှတ်ပေးဇယား ဦးဆောင်ခွင့်ကိုပါ ရရှိထားခဲ့ခြင်းဖြစ်သည်။

အကောင်းဆုံးကစားသမားဆုရ တိုက်စစ်မှူး ဒေါ်နယ်ဘစ်ဆာ (ဟံသာဝတီယူနိုက်တက်)

ထို့အတူ ဟံသာဝတီအသင်း၏ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒေါ်နယ်ဘစ်ဆာမှာ အသင်းဖော် အီမီကာနှင့်အတူ အတွဲအဖက်မိမိ ကစားထားနိုင်ပြီး သုံးပွဲယှဉ်ပြိုင်ကစားအပြီး သုံးဂိုးရရှိထားခြင်းကြောင့် အဆိုပါဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အကောင်းဆုံးဆုများကို ယနေ့ ဟံသာဝတီယူနိုက်တက်- ဆောက်သမ်းမြန်မာ ပွဲစဉ်မစတင်မီ ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံးနည်းပြဆု နှင့် အကောင်းဆုံး ကစားသမားဆုကို MPTမှ ပဲခူးတိုင်းဒေသကြီး တိုင်းမန်နေဂျာဦးစိုးအောင်သိန်း မှတက်ရောက်
ချီးမြှင့်ပေးခဲ့သည်။