အိမ်ရှင်ဧရာဝတီယူနိုက်တက်အသင်းထံမှ သရေတစ်မှတ် ရယူခဲ့သည့် ရတနာပုံအသင်း

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-7) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေ သုံးနာရီခွဲက ပုသိမ်မြို့၊ ကျောက်တိုင်ကွင်းတွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေ ကျခဲ့သည်။
ပထမပိုင်းတွင် နှစ်သင်းစလုံးမှ ဦးဆောင်ဂိုးရမည့် အခွင့်အရေးအချို့ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းနိုင်သည့်အတွက် ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျခဲ့သည်။
ဒုတိယပိုင်း ပြန်အစတွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးရရှိရန် ရတနာပုံအသင်းဘက်သို့ ထိုးဖောက်ကစားခဲ့ သော်လည်း ရတနာပုံအသင်းမှ အကောင်းဆုံးတုံ့ပြန်ကစားခဲ့သည်။ ပွဲချိန် ၇၃ မိနစ်တွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး စိုးမိုးကျော်မှ သွင်းယူပေးခဲ့သည်။ ပွဲချိန် မိနစ် ၉၀ တွင် ရတနာပုံအသင်းမှ ချေပဂိုး ပြန်လည်ရခဲ့ပြီး တိုက်စစ်မှူး အောင်သူမှ သွင်းယူပေးခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်းသည် လာမည့် ဖေဖော်ဝါရီ ၂၉ ရက်တွင် အမှတ်ပေးဇယား ထိပ်ဆုံးမှ ဟံသာဝတီယူနိုက်တက် အသင်းနှင့် ပုသိမ်ကျောက်တိုင်ကွင်းတွင် ဆက်လက်ကစားရမည်ဖြစ်ပြီး ရတနာပုံအသင်းသည် ဆောက်သမ်းမြန်မာအသင်း နှင့် အဝေးကွင်းသွားရောက်ကစားရမည်ဖြစ်သည်။