ပွဲဦးထွက်တွင် မောရဝတီအသင်းကို အနိုင်ရခဲ့သည့် Chinland အသင်း

MPT Myanmar National League II 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲဦးထွက် ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၂၃ ရက်(ယနေ့) ညနေ သုံးနာရီခွဲက ပဒုမ္မာကွင်းတွင် Chinland အသင်းနှင့် မောရဝတီအသင်းတို့ ကစားခဲ့ရာ Chinland အသင်းမှ သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

မောရဝတီအသင်းမှ ပွဲချိန် ၂၇ မိနစ်တွင် ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ကျော်ဇေယျက ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ဂိုးရရှိအပြီး နှစ်မိနစ်အကြာတွင် Chinland အသင်းမှ ချေပဂိုးပြန်လည်ရခဲ့ပြီး ဒေးဗစ်က သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေကျခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် မောရဝတီအသင်းမှ ကစားပုံပိုမိုကောင်းမွန်ခဲ့ပြီး Chinland အသင်းကို ဖိအားပေးကစားခဲ့သည်။ ပွဲချိန် ၅၁ မိနစ်တွင် မောရဝတီအသင်းမှ ပင်နယ်တီ ရခဲ့သည်။ မောရဝတီအသင်းတိုက်စစ်မှူး ဂျိုးဇက် ပင်နယ်တီကန်သွင်းရာမှ လျှံထွက်လာသည့် ဘောလုံးကို ကျော်ဇေယျက ထပ်မံ ပိတ်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၆၉ မိနစ်တွင် Chinland အသင်းမှ ဒုတိယချေပဂိုးရခဲ့ပြီး Babatunde က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၇၃ မိနစ်တွင် Chinland အသင်းမှ တတိယဂိုးထပ်မံရခဲ့ပြီး လူစားဝင်လာသည့် Mung Theih Paw က သွင်းယူပေးခဲ့သည်။ မောရဝတီအသင်းသည် ဒုတိယပိုင်း အစတွင် ကစားပုံကောင်းခဲ့သော်လည်း ပွဲပြီးခါနီးတွင် ကစားပုံအပျက်များခဲ့သည်။ လက်ကျန်မိနစ်များတွင် မောရဝတီအသင်းမှ ပြန်လည်ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် Chinland အသင်းမှ သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။