ငြိမ်းချမ်းအောင်၊ ရှိုရီတို့၏ သွင်းဂိုးများနှင့် နိုင်ပွဲ ပြန်လည်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်း၏ မြက်ခင်းတုကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ MPT Myanmar National League 2020 Week 4 ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းက ဧည့်သည်စစ်ကိုင်းယူနိုက်တက်အသင်းအပေါ် နှစ်ဂိုး၊ ဂိုးမရှိဖြင့် နိုင်ပြီး အိမ်ကွင်းမှာ နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့တာ တွေ့ရပါတယ်။

ပထမပိုင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အပိုင်အခွင့်အရေး ၄၊၅ ကြိမ်ခန့်ကို ဂိုးသမား နိုင်ဇေယျာထွန်း လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
စစ်ကိုင်းအသင်းကတော့ ပထမပိုင်းမှာ ကွင်းလယ်ပိုင်း အပျက်များခဲ့ပြီး တိုက်စစ်ပိုင်းကို လိုက်ပါပံ့ပိုးပေးနိုင်မှု အားနည်းခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်း ဂိုးမရှိသရေ ကျနေခဲ့ပြီး ဒုတိယပိုင်းမှာ နှစ်သင်းစလုံး လူစားလဲယှဉ်ပြိုင်ခဲ့လို့ ပွဲက အကြိတ်အနယ် ပိုဖြစ်လာခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်(၂-ဝ) စစ်ကိုင်းယူနိုက်တက်ပွဲစဉ်မှ ပုံရိပ်အချို့။

ဒုတိယပိုင်းမှာ စစ်ကိုင်းအသင်း တိုက်စစ်မှူး ပက်ထရစ်ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို ရန်ကုန်အသင်းကလည်း တိုက်စစ်မှူး သန်းပိုင်၊ ဇင်မင်းထွန်းကို ထည့်သွင်းအသုံးပြုခဲ့တာပါ။ သို့ပေမယ့် စစ်ကိုင်းအသင်းအနေနဲ့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်း မရှိတာကြောင့် ဂိုးမရခဲ့တာဖြစ်ပါတယ်။
ရန်ကုန်အသင်းနိုင်ပွဲ ပြန်လည်ရရှိစေမယ့် အနိုင်ဂိုးတွေကို ၅၉ မိနစ်မှာ ငြိမ်းချမ်းအောင်နဲ့ ပွဲပြီးရန် မိနစ်ပိုင်းအလိုမှာ လူစားဝင် ကစားသမား ရှိုရီတို့က သွင်းယူပေးခဲ့တာပါ။

ဇော်သိန်းဝင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်မှု အစီအစဉ်။

ယနေ့ ပွဲမှာ ရန်ကုန်အသင်းရဲ့ အပိုင်ကန်သွင်းမှုများကို ကာကွယ်နိုင်ခဲ့တဲ့
စစ်ကိုင်းဂိုးသမား နိုင်ဇေယျာထွန်းအနေနဲ့ ရန်ကုန်ပရိသတ်တွေ ရွေးချယ်ချီးမြှင့်တဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်(၂-ဝ) စစ်ကိုင်းယူနိုက်တက်ပွဲစဉ်မတိုင်မီ မြန်မာနေရှင်နယ်လိဂ် မိတ်ဖက်ပါတနာ MPT ၏ အရောင်းမြှင့်တင်ရေး ပုံရိပ်အချို့။

ရန်ကုန်ယူနိုက်တက်အသင်းက ပွဲစဉ်(၅) မှာ ISPE (အား/ကာသိပ္ပံ)အသင်းနဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်အသင်းက ဇွဲကပင်ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။